သဲဖြူဆရာတော် ထေရုပ္ပတ္တိ

အရှင်မြတ်လောင်းလျာ ဖွားမြင်လာ

အရှင်မြတ်လောင်းလျာကို ခမည်းတော် ဦးမောင်နှင့် မယ်တော် ဒေါ်ဖွားစံတို့မှ ၁၃၂၃ – ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁)ရက်၊ ကြာသပတေးနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ မိုးဒေါင်ကျေးရွာ၌ ဖွားမြင်တော် မူသည်။

မြင့်မြတ်သာသနာဝင်ရောက်လာ

၁၃၃၃-ခုနှစ်၊ ကဆုန်လဆန်း (၁၄)ရက်နေ့တွင် မယ်တော်ခမည်းတော်တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ ရေဦးမြို့နယ်၊ မိုးဒေါင်ကျောင်းဆရာတော်ကို ဉပဇ္စျာယ်ပြုလျှက် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

ရဟန်းဘဝ ဖြစ်ခွင့်ရ

၁၃၄၂-ခုနှစ်၊ တန်ခူးလဆန်း (၁၅) ရက်၊ သောကြာနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ညောင်တုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမိန္ဒာဘိဝံသကို ဉပဇ္စျာယ်ပြုလျှက် ရန်ကုန်မြို့ နယူးလင့်လမ်း (စကားဝါလမ်း) အမှတ်(၂၄) နေ၊ ဒေါ်မာမာ၊ သား – ဦးကျော်သန်း၊ သမီး ဒေါက်တာဒေါ်မြမြ၊ ဒေါက်တာဒေါ်လှလှ၊ မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

ထိုထိုကျောင်း ဆရာများထံမှာ ပညာရှာ

ရေဦးမြို့နယ်၊ မိုဒေါင်ရွာဦးကျောင်းတိုက်၊ လားရှိုးမြို့၊ မဟာဗောဓာရုံကျောင်းတိုက်၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ညောင်တုန်းကျောင်းတိုက်၊ အင်းစိန်မြို့နယ်၊ စွန်းလွန်းကျောင်တိုက် တို့တွင် ပညာသင်ယူခဲ့ပါသည်။

ဓမ္မာစရိယ ဘွဲ့တော်ရ

အရှင်မြတ်သည် နိုင်ငံတော်အစိုးရမှ ကြီးမှူးကျင်းပသော သာသနဓဇဓမ္မာစရိယ (၁၃၅၁-ခု)ကို ဖြေဆိုအောင်မြင်တော်မူခဲ့သည်။

သာသနာပြုတာဝန်ဆောင်ရွက်ပြန်

  • ၁၃၆၂-ခု၊ ၂၀၀၀-ပြည့်နှစ်တွင် မှော်ဘီမြို့နယ်၊ အမှတ် (၄)လမ်းမ၊ သဲဖြူကျေးရွာအနီးတွင် သဲဖြူတောရဓမ္မရိပ်သာကျောင်းတိုက်ကို တည်ထောင်၍ သံဃာတော်၊ သီလရှင်၊ လူပုဂ္ဂိုလ် (၁၀၀)ကျော်တို့အား နံနက် (၁) ကြိမ်၊ နေ့လည် (၁)ကြိမ်၊ ည (၁)ကြိမ် တနေ့လျှင် ပုံမှန် (၃)ကြိမ် ဝိပဿနာတရားပြသပြီး၊
  • တန်ဆောင်မုန်းလ၊ သီတင်းကျွတ်လ၊ တန်ခူးလတို့တွင် ရက် (၃၀) တရားစခန်းဖွင့်ပြီး ဝိပဿနာတရားပြသရာ တန်ဆောင်မုန်းလနှင့် သီတင်းကျွတ်လ တရာစခန်းပွဲများတွင် ယောဂီ (၁၀၀)ကျော်၊ တန်ခူးလတွင် ယောဂီ (၄၀၀) ကျော်တို့အား ဝိပဿနာတရား ပွားများရန် ဟောကြားပြီး ကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်ခဲ့ပါသည်။
  • ၂၀၀၉-ခုနှစ်၊ ဇွန်လတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ မဟာမြိုင်တောကြီးအတွင်း၌ ကိုယ်တိုင်တောရဆောက်တည် တရားဘာဝနာပွားများပြီး မဟာမြိုင်တောရဓမ္မရိပ်သာကို တည်ထောင်၍ တန်ဆောင်မုန်းလမှစ၍ ကဆုန်လအထိ ယောဂီပေါင်း (၄၀၀၀)ကျော် လာရောက်အားထုတ်ကြပါသည်။