ပန်ထွာဘုရင်မနဲ့ သဲဖြူဆရာတော်ကြီး၏ ထူးဆန်းတဲ့ပဌာန်းဆက်

ပန်ထွာဘုရင်မ၏ ကျေးဇူးရှင်ဖြစ်သည့် ရသေ့ကြီးဖြစ်ခဲ့သော သဲဖြူဆရာတော်နှင့် မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသည့်
ဒွတ္တဘောင်မင်း ဝင်စားသည့် ရဟန်းတော်


သဲဖြူတောရဆရာတော်၏ မူလသီတင်းသုံး တရားပြရာနေရာသည် မှော်ဘီမြို့နယ် အမှတ်(၄)လမ်းမကြီး ဘေးရှိ သဲဖြူလယ်တီတောရဖြစ်ပါသည်။

တစ်ခါတွင်မူ ဆရာတော်သည် တစ်ဝါမျှ တရားအားထုတ်ကျင့်ကြံတော်မူရန် မဟာမြိုင်တောကြီး၏ အလယ်ဗဟိုချက်မနေရာသို့ တစ်ပါးတည်းကြွရောက်ပြီး ယာယီတဲကျောင်းဖြင့် နေထိုင်တော်မူရာ… အတိတ်ဘဝက ဆရာတော်မှ ကယ်တင်စောင့်ရှောက်ပေးခဲ့ရသည့် ယခုမဟာမြိုင်တော၏ တောစောင့်နတ်ဖြစ်နေသူ ပန်ထွာဘုရင်မကြီး လာရောက်၍ ​တော၏အလယ်ဗဟိုချက်မနေရာတွင် ​လေးကျွန်းရန်အောင် စေတီတော်မြတ်ကြီးအား တည်ထားပါရန် လျှောက်ထားတောင်းပန်ခဲ့သည်။

” သဲဖြူဆရာတော် အရှင်မြတ်…တပည့်တော်မ ပန်ထွာကို အရှင်ဘုရား၏ သီလသမာဓိနဲ့ ဦးဆောင်ပြီး ဘုရားတည်ပေးမှသာ လူဘဝကို တစ်ဖန်ပြန်လည် ရရှိပြီး သာသနာပြုနိုင်ပါမည် အရှင်ဘုရား၊ ဘုရားတည်ပေးတော်မူပါ ဘုရား… ”
” ဟဲ့ ဒကာမကြီး … ဘုရားတည်တယ်ဆိုတာ ‌ငွေရော၊ လူအင်အားရော ပြည့်စုံမှဟဲ့၊ ဘုန်းကြီးမှာ ငွေတစ်ကျပ်တောင်ရှိတာ မဟုတ်ဘူး … ”
” အရှင်ဘုရားကသာ ဘုရားတည်ပေးမယ်လို့ အမိန့်ရှိပါဘုရား၊ ချက်ချင်းဖြစ်စေရပါမယ် …”
” နေပါဦး ဒကာမကြီးရယ်… ဆရာတွေကို မေးမြန်းပါဦးမယ်၊ ဖြစ်သင့်ချိန်ကျရင်တော့ ဖြစ်ရမှာပေါ့လေ …”
သဲဖြူဆရာတော်လည်း စိတ်မကောင်းကြီးစွာနဲ့ ပန်ထွာဘုရင်မကို နှစ်သိမ့်ရင်း မဟာမြိုင်တောကြီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျင့်ကြံ အားထုတ်တော်မူနေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးဆီကို သွားရောက် လျှောက်ထား တင်ပြတော်မူပါတယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးက ခေါင်နန်းပလ္လင်မှာ သီတင်းသုံးနေချိန်ဖြစ်သည်။

မဟာဗောဓိမြိုင် ဆရာတော်ကြီးက သဲဖြူဆရာတော်ကို မိန့်မှာပုံလေးက ကြည်နူးဝမ်းသာစရာပါ … ” မောင်သဲဖြူ လုပ်မှ အောင်မြင်မှာ… ရဲရဲသာလုပ် ” တဲ့။ ဘုရင်မကြီးအတွက် ဘုရားတည်ပေးနိုင်တော့မှာမို့ သဲဖြူဆရာတော် ဝမ်းသာသွားပါတယ်။ ဒွတ္တဘောင်မောင်တော်ဟာ သာစည်မြို့အနီးက ရွှေကျောင်း ကုန်းတောင်မှာ ရဟန်းဘဝနဲ့ တရားထူးရပြီး လွတ်မြောက်သွားခဲ့ပြီဆိုတာ သိနေတော့ ဘုရင်မမှာ လက်စားချေစရာလည်း မရှိတော့ပါဘူး။ ဘဝသံသရာအဆက်ဆက် မောခဲ့ပါပြီ။ ဒီဘဝတော့ ကျွတ်ချိန်တန်ပါပြီလို့ သတ်မှတ်ထားပြီ ထင်ပါရဲ့ … ။

*မဟာဗောဓိမြိုင်ဆရာ‌တော်ရဲ့ နောက်လိုက်တပည့်ရင်းဖြစ်တဲ့ ဆရာခင်မောင်ညွန့်ရဲ့ ဖြည့်စွတ်ပေးပို့ချက်ကို ထပ်မံဖြည့်စွက် ဖော်ပြပေးလိုက်ပါတယ်။

ဒွတ္တဘောင်ဘုရင်ရဲ့ ယခုလူ့ဘဝငယ်နာမည်က ကိုကျော်အောင်။ ယခု ရဟန်းဘဝနဲ့ သာစည်ရွှေကျောင်းတောင်မှာ သတင်းသုံးနေပါတယ်။ ဝါတွင်းကာလမှာ မိုင်းပျဉ်းမြို့နယ် ဘုန်းတော်ပြည့်တောင်မှာ သတင်းသုံးပါတယ်။ ဆရာတော် ဥူးဩဘာသ ဖြစ်ပါတယ်။ ရဟန်းကိစ္စ ပြီးမြောက်သွားပြီလို့ ယုံကြည်ကြပါတယ်။ တနေ့ပေါ့ … ဆရာတော် ဥူးဩဘာသဟာ မဟာမြိုင်က ဆရာအရင်းဖြစ်တဲ့ မဟာဗောဓိမြိုင်ဆရာတော်ဆီ သွားဖို့ သာစည်ကို ဆိုင်ကယ်နဲ့ လှူဖွယ်ပစ္စည်းသွားဝယ်တယ်။ လမ်းမှာ ဆိုင်ကယ်မတော်တဆဖြစ်ပြီး ခြေ​ထောက်​ထိခိုက်သွားလို့ မလာနိုင်တော့ကြောင်း ဆရာတော်ကြီးဆီ လှမ်းလျှောက်တယ်။ မဟာဗောဓိမြိုင်ဆရာတော်ကြီးက ” အမယ် .. ဟိုက လာမယ်လို့ ကြံခါရှိသေး၊ လာများသာလာရင် အသက်တောင် ရန်ရှာမလား မသိဘူး” လို့ မိန့်​သတဲ့။ ဆရာတော်ကြီးက “မိပန်ရယ် … နင့်ကို ယခင်တုန်းက အဆောင်အယောင်တွေနဲ့ မြင်ချင်လိုက်တာ” လို့ မိန့်လိုက်ရာမှာ ည ၁၁ နာရီလောက်မှာ ကရဝိတ်ဖောင်တော်ကြီးနဲ့ စစ်သည်ဗိုလ်ပါ အလုံးအရင်းနဲ့ ဆင်၊မြင်းတွေနဲ့ ဖန်ဆင်းပြတယ်။

“အရှင်ဘုရား … တပည့်တော်တို့ အစုံညီရောက်ရှိကြောင်းပါ ဘုရား” လို့ မျက်နှာလွှဲပြီး လျှောက်တင်တယ်။ ဆရာတော်ကြီးက ပန်ထွာမင်းသမီးကို မိပန်‌လို့ပဲ ခေါ်ပါတယ်။
” ဟဲ့ … မိပန် နင်အစွဲကြီးလွန်းလှတယ်။ စွဲနေသမျှ လောင်ကြွမ်းနေမှာပဲ။ နင့် ပါရမီဖြည့်ဖက်က သူတော်စင်ရဟန်းဖြစ်နေပြီ၊ နင့်ကို မစွဲတော့ဘူး။ ဘယ်သူ့မှလည်း မစွဲတော့ဘူး။ ဘုရားရှင်ကို ဖူးခဲ့ရတာချင်း အတူတူ သူကဒုက္ခရဲ့ လွတ်မြောက်ရာ ရှာတွေ့သွားခဲ့ပြီ။ (ပွေးဖို၊ ပွေးမ ဘဝကို ရည်ညွှန်းဟန် တူပါသည်) ဘဝလွတ်မြောက်ရာ ရှာတွေ့သွားပြီ၊ နင်လည်း အစွဲလွတ်အောင် ရှာကြံပေတော့ ” လို့ မိန့်လိုက်ရာမှာ.. ကြူကြူပါအောင် ငိုရှာပါတော့တယ်။
“တပည့်တော်မ ကြိုးစားပါ့မယ်ဘုရား “
ဆရာတော်ကို ဦးချကန်​တော့ပြီး ပျောက်သွားခဲ့ပါတယ်။ သနားစရာ အဖြစ်အပျက်ကလေးကို ပြောပြပေးတဲ့ ဆရာတော်ကြီးရဲ့ အနီးကပ်တပည့် ဆရာဦးခင်မောင်ညွန့်ကို ကျေးဇူးတင်ပါတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီးဆိုတာကလည်း … တခါက …ပန်ထွာဘုရင်မလေးရဲ့ တဖက်သတ် ‌ချစ်ခင်လေးစားအားကိုးခဲ့ရတဲ့ စစ်သူကြီးဆိုတာ စာဖတ်ပရိတ်သတ်များ သိစေချင်ပါတယ်။ (စကားချပ်)

သဲဖြူဆရာတော်ဟာ မဟာမြိုင်တောကြီးထဲကို ကြွမလာခင် မှော်ဘီက သဲဖြူတောရကျောင်းမှာ သတင်းသုံးနေချိန် ပန်ထွာဘုရင်မက လာရောက်ပင့်ဖိတ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဘုရင်မကြီးဟာ ၂၀၁၀ ခုနှစ်မှာ မှော်ဘီသဲဖြူတောရကျောင်းမှာ သတင်းသုံးနေတဲ့ သဲဖြူဆရာတော်ကို သုံးကြိမ်တိုင်အောင်သွားပင့်ပါတယ် ။

” မဟာမြိုင်တောကို ကြွရောက် သာသနာပြုပေးပါ ဘုရား ” ပေါ့။ သုံးကြိမ်တိုင်အောင် ပင့်ဖိတ်လာတော့လည်း အတိတ်ဘဝတွေက ပဌာန်းဆက်တွေကြောင့် သင်္ကန်းသုံးထည်၊ သပိတ်တစ်လုံး ပိုက်ပြီး မဟာမြိုင်တောရစခန်းကို ကြွမြန်းခဲ့ရပါသတဲ့ …

မဟာမြိုင်တောဆိုတာ နေပျောက်တောင် မထိုးတဲ့တောနက်ကြီးဖြစ်ပြီး တန့်ဆည်မြို့နဲ့ ကလေးဝကြားမှာ တည်ရှိပါတယ်။ သမာဓိမရှိတဲ့ ဘုန်းကြီးရဟန်း‌တွေ ပျံလွန်တော်မူပြီး၊ သစ်ခိုးသမား‌တွေတောင် မသွားရဲတဲ့ဒေသ၊ ဘုရားစာရွတ်ရင်၊ ဘုရားအာရုံပြုရင်​ဘေးဖြစ်တယ်လို့ ကျော်ကြားတဲ့ ဒေသပါ။

သဲဖြူဆရာတော်ဆိုတာ …
အသက်ရှစ်နှစ်ကတည်းက ကမ္မဌာန်းတရားကို ကျင့်ကြံအားထုတ်ခဲ့သူ ဖြစ်ပါတယ်။ အသက် ၁၃နှစ် ကိုရင်ဘဝမှာ အသုဘကမ္မဌာန်းကို ကျင့်ကြံအားထုတ်ခဲ့ပါတယ်။ သက်တော် ၂၀မှာ တောနက်ကြီးတွေ၊ လှိုဏ်ဂူတွေ၊ သုဿန်တစပြင်တွေမှာပဲ လှည့်လည်ကျင့်ကြံအားထုတ်ပါတယ်။

အထူးသဖြင့် ဇင်းကျိုက်တောင်၊ ပွတ်တာတောတွေ အပါအဝင် လူသူအရောက် အပေါက်နဲတဲ့ တောကြီးတွေမှာပဲ သတင်းသုံးကျင့်ကြံခဲ့ပါတယ်။ ရောက်တဲ့နေရာတိုင်းမှာ သပိတ်တစ်လုံး၊သက်န်းသုံးထည်နဲ့သာ ကြွရောက်ပြီး ဘယ်ကိုကြွမယ်ဆိုတာလည်း လူသိမခံပါဘူး။ ရောက်တဲ့ဒေသမှာ ကျောက်းသက်န်းရယ်လို့ မရှိပဲ ဂူရှိရင် ဂူ … ဂူမရှိရင် သစ်ပင်အောက်မှာပဲ နေထိုင်သတင်းသုံးပါတယ်။ သဲဖြူဆရာတော်ဟာ စတုတ္တဈန်ကို အိန္ဒိယက ဂူတစ်ခုလုံး ရှိခိုးကြသတဲ့။

ဆရာတော်ဟာ ဂူထဲမှာ ၃လလုံးလုံး ဆွမ်းမခံပဲ ပြန်လဲထွက်မလာပါဘူးတဲ့။ ထူးဆန်းလွန်းလို့ ဖူးမြော်ချင်လွန်းအားကြီးလို့ ဆရာတော်ကို စုံစမ်းပြီး လိုက်ရှာခဲ့ကြပါသတဲ့။ ဆရာတော်ကြီးဟာ မဟာမြိုင်တောကြီးမှာ ၉ လ တိုင်တိုင်သီတင်းသုံးခဲ့ပါတယ် ။

မဟာမြိုင်တော ရောက်ရောက်ချင်း စောင့်နေကြတဲ့ ဒကာတွေက တစ်ယောက်စာ ဝါးတဲလေး ချက်ချင်းထိုးပေးကြတယ်။ အရပ်ထောင်ထောင် မောင်းမောင်း ပိုးဖဲကတ္တီပါရင်ဖုံး ဝတ်ထားတဲ့ ယောက်ျားကြီးက နေ့တိုင်းဆွမ်းလောင်းတယ်။ သူတစ်ဦးနဲ့တင် သပိတ်ပြည့်ပါသတဲ့။ ပထမ ၃ လအပြည့်မှာ ပြန်မယ်လုပ်တော့ တောစောင့်နတ်တွေက ဝိုင်းတားကြလို့ ဒုတိယသုံးလ ဆက်သတင်းသုံး နေထိုင်ပါတယ် ။

ဒုတိယသုံးလအတွင်းမှာ ဆရာတော်ကြီး အသဲအသန် နာမကျန်းဖြစ်တယ်။ ပန်ထွာနဲ့ စန္ဒမုခိတို့ဟာ သူတို့နန်းတွင်းအထိပင့်ဖိတ်ပြီး ကုသပေးလို့ သူတို့ကျေးဇူး ရှိသွားတဲ့အတွက် မပြန်တော့ပဲ ဒုတိယသုံးလ ဆက်သတင်းသုံးပြန်ပါတယ်။ ဒုတိယသုံးလပြည့်လို့ ပြန်မယ်လုပ်တဲ့အခါ ပန်ထွာဘုရင်မကိုယ်တိုင် ကိုယ်ထင်ပြပြီး မပြန်ဖို့ တောင်းပန်ပါတယ်၊ လူ့ဘဝပြန်နိုင်ဖို့အတွက် ဘုရားတည်ပေးဖို့ လျှောက်ပါတယ်။

သဲဖြူဆရာတော်ကလည်း မဟာဗောဓိမြိုင် ဆရာတော်ရဲ့ ဩဝါဒခံယူ ရရှိပြီးတဲ့အတွက် ဘုရားတည်ပေးဖို့ ကတိပေးလိုက်ပါတယ်။ ထူးဆန်းတာက ဘုရင်မကြီးရဲ့ ဘုရားတည်တော့မယ်ဆိုကတည်းက ရွှေငွေလှူဒါန်းကြသလို၊ အုတ်၊ ဘိလပ်မြေ လာလှူသူတွေလည်း မပြတ်ဘူးလို့ ဆိုပါတယ် ။ ဆရာတော် ငွေပြတ်သွားရင် ဦးကြီးတစ်ယောက်ဟာ ဆာလာအိပ်နဲ့ အပြည့်ထမ်းပြီး လာလှူပါသတဲ့။

ဘယ်လိုသိလဲလို့ ဆရာတော်က မေးရင် မဖြေပါဘူးတဲ့။ ဦးချပြီး ပြန်ထွက်သွားပါသတဲ့။ ပန်ထွာရဲ့ ဆွေတော်မျိုးတော်တွေ ဖြစ်ပါသတဲ့။ အံ့ဩစရာ ဖတ်မှတ် ကြားသိခဲ့ရတာလေးတွေကို မျှဝေတင်ပြပေးတာပါ။ ဒီပါအေးမြ ကုန်းတော်ပေါ်မှာ လေးကျွန်းရန်အောင်စေတီတော်ကို တည်ထားခဲ့ပါတယ်။ စေတီတော်ဟာ မဟာမြိုင်ရဲ့ အလယ်ဗဟိုချက်မမှာ တည်ထားတာတဲ့။ လွန်ခဲ့တဲ့ ၃ နှစ်ကထီးတင်ခဲ့တာလို့ သိရပါတယ်။

မဟာမြိုင်‌တောကြီးက တန့်ဆည်နဲ့ ကလေးဝကြားမှာ ရှိပါတယ်။ အချုပ်အားဖြင့် တင်ပြပေးချင်တာက.. ပန်ထွာဘုရင်မ နေထိုင်ပြီး သာသနာပြုနေတဲ့ မဟာမြိုင်တောကြီးထဲကိုရောက်ခဲ့ရင်၊ နောက်ပြီး သူ့ရဲ့နန်းတော်တွေနဲ့ ဘုရားတွေရှိခဲ့တဲ့ ဗိဿနိုးမြို့ကို ရောက်ခဲ့ရင် … ဘုရင်မကြီးကို ရည်မှန်းပြီး မေတ္တာပို့ပါ။ ပန်းလှူပါ။ အမျှဝေပေးပါ။ ပါးစပ်ကို ထိန်းပါ။ မဟုတ်တာတွေ မပြောမိပါစေနဲ့။

မဟာမြိုင်တောဟာ ဒွတ္တဘောင်ဘုရင်ရဲ့တပ်တွေနဲ့ အပြန်အလှန်တိုက်ခိုက်ကြရင်း စစ်ရှုံးလို့ ရှောင်တိမ်းရင်း ပန်ထွာဘုရင်မရဲ့ ရုပ်အလောင်းကို စန္ဒမုခိဘီလူးမ မယ်တော်ကြီးဟာတန်ခိုးနဲ့ ထမ်းလို့ မဟာမြိုင်ကို ယူဆောင်သွားခဲ့တယ်လို့ ကြားခဲ့၊မှတ်ခဲ့ ရဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် မဟာမြိုင်ရော၊ဗိဿနိုးရောဟာ ဂမ္ဘီရနယ်မြေတွေ ဖြစ်ပါတယ်။

သူနဲ့ပဌာန်းဆက်ရှိခဲ့သူတွေနဲ့ သူ့ကို‌မေတ္တာပို့ အမျှပေးသူတွေကို သူက တအားစောင့်ရှောက်ပါသတဲ့။ တကယ်လည်း အောင်မြင်ကြပါသတဲ့။ အထူးတင်ပြချင်တာက … ပဌာန်းဆက်အရ သာသနာပြုနေကြတဲ့အထက်ပါ ဆရာတော်ကြီးတွေဟာ တွေ့ရခဲ၊ ဖူးရခဲတဲ့ ဆရာတော်ဘုရားကြီးတွေ ဖြစ်ပါကြောင်းသိစေချင်ပါတယ်။

ဆရာတော်ဘုရားကြီးများ သက်တော်ထင်ရှား ရှိနေကြစဉ် ကာလအတွင်း ဆရာတော်တို့ရဲ့ သာသနာပြုလုပ်ငန်းတွေကို ကိုယ်အား၊ ငွေအား၊ ဉာဏ်အားတို့ဖြင့် ပါဝင်ကုသိုလ်ယူခြင်းအားဖြင့် ထူးခြားသော ဘဝထိုထိုကို ခဏတာအတွင်းရောက်ရှိလို့ ဆန်းကြယ်မှု အလီလီကို တွေ့ကြုံကြရမှာ အမှန်ဖြစ်ပါကြောင်း တိုက်တွန်းနိုးဆော်ပေးလိုက်ပါတယ်။